Sunday, September 26, 2021

ရတနသုတ်မြန်မာပြန်

 ၁။ ဒီပင်္ကရာ ထွတ်ချာသေဌ်နင်း တရားမင်း၏ခြေရင်းတော်၌ ဘုရားဆုကိုတောင်းသည့်ကာလမှ အစပြု၍ မြတ်စွာဘုရား ဖြည့်ဆည်းပူးခဲ့သော ပါရမီ(၁၀)ပါး၊ ပရမတ္ထပါရမီ(၁၀)ပါးအားဖြင့် အပြား(၃၀)သောပါရမီတို့ကိုလည်းကောင်း၊ စွန့်ခြင်းကြီး(၅)ပါးတို့ကိုလည်းကောင်း၊ လောက၏ အကျိုးစီးပွားအလို့ငှာကျင့်ခြင်း၊ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားအလို့ငှာကျင့်ခြင်း၊ ဘုရားဖြစ်ခြင်း အကျိုးငှာကျင့်ခြင်းဟူသော စရိယ(၃)ပါးတို့ကိုလည်းကောင်း၊ နောက်ဆုံးဘဝ၌ အမိဝမ်းတွင်း ပဋိသန္ဓေယူတော်မူခြင်း၊ ဖွားမြင်ခြင်း၊ မြတ်သောတောထွက်ခြင်း၊ ပြင်းစွာသော လုံ့လဖြင့် ကမ္မဋ္ဌာန်းအကျင့်ကိုကျင့်ခြင်း၊ ဗောဓိပလ္လင်၌ မာရ်(၅)ပါးကို အောင်မြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်ရရှိခြင်း၊ ဓမ္မစကြာ တရားတော်မြတ်ကို ဟောကြားခြင်းနှင့် (၉)ပါးသော လောကုတ္တရာတရားတို့ကို လည်းကောင်း၊ ဤသို့လျှင် မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်တို့ကိုလည်းကောင်း၊ စိတ်ဖြင့် ဆင်ခြင်၍ ဝေသာလီပြည်၏ မြို့တံတိုင်း(၃)ထပ်တို့၏ အကြားတို့ ၌ ညဉ့်သုံးယံ ကာလပတ်လုံး ပရိတ်ရွတ်ဖတ် အရံအတားပြုခဲ့သော အရှင်အာနန္ဒာမထေရ်မြတ်ကဲ့သို့ (သတ္တဝါတို့အပေါ်) သနားကရုဏာစိတ်ထားလျက် ...

၂-၃။ ရတနသုတ်ပရိတ်တော်၏ အာဏာစက်ကို စကြဝဋ္ဌာကုဋေတစ်သိန်း၌ ရှိကြကုန်သော နတ်အပေါင်းတို့က ခံယူကြကုန်၏။ ဤပရိတ်တော်သည် ဝေသာလီပြည်၌ ကျရောက်သော အနာရောဂါဘေး ၊ ဘီလူးဘေး ၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုးကို လျင်မြန်စွာကွယ်ပျောက်စေနိုင်ခဲ့၏။ ယခုအခါ၌ ဤရတနသုတ်ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။

၄။ မြေ၌တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စတုမဟာရာဇ် ၊ တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည်လည်းကောင်း ၊ ဤပရိတ်ရွတ်ရာ နေရာအရပ်၌ အညီအညွတ် ရောက်ရှိလာကြကုန်ပြီး နတ်ပရိတ်သတ်အားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါကုန်။ မြတ်စွာဘုရားဟောတော်မူခဲ့သော ပရိတ်တရားတော်ကိုလည်း ရိုသေလေးမြတ်စွာ နာယူကြပါကုန်။

၅။ အိုနတ်အပေါင်းတို့ ဤနေရာ၌ အညီအညွတ်စည်းဝေးရောက်ရှိနေကြသော အသင်နတ်အများ နားဆင်ကြပါကုန် ၊ လူတို့သည် နေ့ည မဟူ ကြည်ဖြူလေးမြတ်စွာ အသင်နတ်တို့အား ပူဇော်ပသမှု ပြုကြပါသည်။ သို့ဖြစ်၍ သင်တို့သည် လူတို့အား ချစ်ခင်ကြပါကုန် ၊ မမေ့မလျော့ စောင့်ရှောက်ကြပါကုန်။

၆ ။ လူ့ပြည်၌ ဖြစ်စေ ၊ နဂါးပြည် ဂဠုန်ပြည်၌ ဖြစ်စေ ၊ နတ်ပြည်၌ဖြစ်စေ အမြင့်အမြတ် သတ်မှတ်သုံးဆောင်ကြသော ဥစ္စာရတနာတို့သည် ရှိကြကုန်၏၊ ထိုရတနာတို့အနက် ဘုရားတည်းဟူသော ရတနာနှင့်တူသော ရတနာဟူ၍ မရှိချေ ၊ မြတ်စွာဘုရားသည် အရဟံစသော ဂုဏ်တော်ကျေးဇူးတော်တို့နှင့်ပြည့်စုံသော ရတနာမြတ် ဖြစ်ပါပေသည်။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဥစ္စာ စီးပွား တိုးတက် ချမ်းသာကြပါစေသတည်း။

၇။ သာကီဝင်မင်းတို့၏ အထွတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တည်ကြည်လှသော သမာဓိစိတ်ရှိသည့်အတွက်ကြောင့် ကိလေသာတို့၏ကုန်ရာကင်းရာ မသေရာဖြစ်သော အမြတ်နိဗ္ဗာန်ကို သိရှိတော်မူလေသည်။ (လောက၌) ထိုနိဗ္ဗာန်ဓာတ်မြတ် နှင့် နှိုင်းတုစရာ ရတနာတစ်ခုမျှ မရှိပါချေ ၊ နိဗ္ဗာန်သည် ကိလေသာကုန်စင်ခြင်း စသည့်ဂုဏ်တော်ကြောင့် ရတနာမြတ်ဖြစ်ပါပေ၏၊ ဤသို့ မှန်ကန်သောသစ္စာစကားကြောင့် သူတော်တကာ သတ္တဝါများ ဥစ္စာ စီးပွား တိုးတက်ချမ်းသာကြပါစေသတည်း။

၈။ မြတ်စွာဘုရားသည် အရဟတ္တမဂ်နှင့်ယှဉ်သော သမာဓိကို ကိလေသာမှ စင်ကြယ်၏ဟူ၍ ချီးမွမ်းတော်မူ၏၊ မိမိ၏အခြားမဲ့၌ အကျိုးကို ပေးတတ်၏ ဟူ၍လည်း ဟောတော်မူ၏။ ထိုအရဟတ္တမဂ်သမာဓိနှင့် တူမျှသော သမာဓိသည် မရှိ၊ ဤအရဟတ္တမဂ်သမာဓိတရားသည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သသော ရတနာကြီး ဖြစ်တော်မူ၏။ ဤသို့မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေသတည်း။

၉။ ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်းအပ်သော အရိယာပုဂ္ဂိုလ်ရှစ်ယောက်တို့သည် အစုံအားဖြင့် လေးပါးသော အစုံတို့ ဖြစ်ကြကုန်၏၊ ထိုအရိယာပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားတပည့်သားသာဝက ဖြစ်တော်မူကုန်၏။ မြတ်သောအလှူကို ခံထိုက်တော်မူကုန်၏။ ထိုအရိယာပုဂ္ဂိုလ်တို့၌ ပေးလှူအပ်သော အလှူဒါနတို့သည် များမြတ်သော အကျိုးရှိကုန်၏။ ဤအရိယာသံဃာတော်မြတ်သည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီး ဖြစ်တော်မူ၏၊ ဤသို့မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေသတည်း။

၁၀။ ဂေါတမမြတ်စွာဘုရား သာသနာတော်၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည် မြဲမြံခိုင်ခန့်သော စိတ်ဖြင့် အားထုတ်ကြကုန်သောကြောင့် အလုံးစုံသော ကိလေသာတို့မှ ထွက်မြောက်တော်မူကုန်၏။ ထိုရဟန္တာ ပုဂ္ဂိုလ်တို့သည် ရပြီးသော အရဟတ္တဖိုလ်ကို တဖန်ဝင်စားသောအားဖြင့် ရကြပြန်ကုန်၍ အနည်းငယ်မျှ မပျက်မစီးကြရကုန်သည်လည်း ဖြစ်၍ သေခြင်းကင်းသော နိဗ္ဗာန်ကို အာရုံပြုလျက် အရဟတ္တဖိုလ်သမာပတ်ချမ်းသာကို ခံစားတော်မူကြကုန်၏။ ဤရဟန္တာ သံဃာတော်မြတ်သည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီးဖြစ်တော်မူ၏။ ဤသို့ မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်းချမ်းသာ အေးမြခြင်း ဖြစ်ပါစေသတည်း။

၁၁။ မြေ၌စိုက်ထူအပ်သော တံခါးတိုင်သည် အရပ်လေးမျက်နှာတို့မှ လာသောလေတို့ကြောင့် မတုန်လှုပ်သကဲ့သို့ အရိယာသစ္စာတို့ကို ပညာဖြင့်သက်ဝင်၍မြင်သော သောတာပန်ပုဂ္ဂိုလ်ကို ထိုတံခါးတိုင်နှင့်တူ၏ဟု ငါဆို၏။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၂။ အကြင် (သောတာပန်) ပုဂ္ဂိုလ်တို့သည် နက်နဲသော ဉာဏ်ပညာရှိသော မြတ်စွာဘုရား ကောင်းစွာဟောကြားအပ်သော အရိယသစ္စာတို့ကို ထင်ရှားအောင်ပြုကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ပြင်းထန်စွာ မေ့လျော့ကြစေကာမူ ရှစ်ကြိမ်မြောက်ဘဝကို မယူကုန်၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၃။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့် တပြိုင်နက်သာလျှင် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဤတရားသုံးပါးတို့ကို ပယ်စွန့်အပ်ကုန်၏။ ကိလေသာ စိုးစဉ်းမျှ ရှိစေကာမူအပါယ်လေးပါးတို့မှ လွတ်၏။ (အာနန္တရိကကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသော တရားတို့ကို မပြုတော့ပြီ။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၄။ အတ္တဟူသော မိမိကိုယ် ရှိ၏ဟူ၍ ခံယူခြင်း၊ ရှစ်ပါးသော ဌာနတို့၌ ယုံမှားခြင်း၊ နွားလို၊ ခွေးလို ကျင့်ခြင်းဖြင့် သံသရာမှ လွတ်မြောက်နိုင်၏ဟု အထင်မှားခြင်း၊ ဤအမှားသုံးရပ်ကို သောတာပန်ပုဂ္ဂိုလ်သည် သောတာပန် ပုဂ္ဂိုလ်သည် သောတာပန် ဖြစ်လျင်ဖြစ်ချင်း ပယ်စွန့်ပြီး ဖြစ်လေ၏၊ မည်သည့်မှားသော အယူကို မဆို ပယ်စွန့်လေ၏။

၁၅။ ထိုသောတာပန် ပုဂ္ဂိုလ်မြတ်သည် အပါယ်လေးပါးမှ လွတ်လေ၏။ လွန်ကဲသော အကြောင်း ခြောက်ရပ်တို့ကိုလည်း မပြုထိုက်တော့ပေ။ ဤသို့လျှင် ယူမှား၊ ယုံမှား တရားသုံးပါးကို ပယ်နိုင်သော သောတာပန် အရိယာ သံဃာ ရတနာသည်လည်း မြတ်လှပေ၏။ ဤ သစ္စာစကားကြောင့် သတ္တဝါတိုအား ကောင်းကျိုးချမ်းသာ ဖြစ်လာပါစေသတည်း။

၁၆။ ထို (သောတာပန်) ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကံကို ပြုစေကာမူ ထိုမိမိပြုသောကံကို မဖုံးလွှမ်းတော့ပြီ။ နိဗ္ဗာန်ကို မြင်ပြီးသော (သောတာပန်)ပုဂ္ဂိုလ်၏ဖုံးလွှမ်းခြင်းမပြုတော့သည့်အဖြစ်ကို (မြတ်စွာဘုရား) ဟောတတ်၏။ သံဃာဟူသော ရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၇။ နွေဥတု၏အစဖြစ်သော တန်ခူးလ၏ ပင်လုံးကျွတ်ပွင့်သော တောအုပ်သည် ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ ထိုတောအုပ်လျှင် ဥပမာရှိသော နိဗ္ဗာန်သို့ ရောက်စေတတ်သော (ပရိယတ္တိ) တရားတော်မြတ်ကို (နိဗ္ဗာန်) အကျိုးငှာ ဟောတော်မူ၏။ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၈။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်သော နိဗ္ဗာန်ကို သိတော်မူသော မြင့်မြတ်သောတရားကို ပေးတတ်သော မြင့်မြတ်သောမဂ်ကို ဆောင်တတ်သော မိမိထက်သာသူမရှိသော မြတ်စွာဘုရားသည် မြင့်မြတ်သောတရားတော်ကို ဟောကြားတော်မူပြီ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၉။ (အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား) ကံဟောင်းကုန်ပြီ ကံသစ်မရှိတော့ပြီ၊ လာလတ္တံသောဘဝ၌ တပ်မက်ခြင်းကင်းသော စိတ်ရှိကုန်သည် ပဋိသန္ဓေမျိုးစေ့ ကုန်ပြီးသည်ဖြစ်၍ စည်ပင်ပြန့်ပွားသော ဆန္ဒမရှိကုန်၊ ဆီမီးငြိမ်းသကဲ့သို့ ပညာရှိသော ထိုရဟန္တာပုဂ္ဂိုလ်တို့သည် ခန္ဓာဇာတ်သိမ်းငြိမ်းကုန်ပြီ၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၂၀။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ ထိုငါတို့သည် လာခြင်းကောင်းတော်မူသော နတ်လူတို့ပူဇော်အပ်သော မြတ်စွာဘုရားကိုရှိခိုးပါ၏။ (သတ္တဝါတို့) ချမ်းသာကြပါစေကုန်သတည်း။

၂၁။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ ထိုငါတို့သည် ကိလေသာတို့ကိုဖျက်ဆီးတတ်သော နတ်လူတို့ပူဇော်အပ်သော တရားတော်ကိုရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေကုန်သတည်း။

၂၂။ မြေ၌တည်ကုန်သောနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ ထိုငါတို့သည် မချွတ်မယွင်းကျင့်ခြင်းရှိတော်မူသော နတ်လူတို့ပူဇော်အပ်သော သံဃာတော်ကိုရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

ရတနသုတ်မြန်မာပြန်ပြီး၏။

No comments:

Post a Comment

ဗောဇ္ဈင် (၇) ပါး

  ဗောဇ္ဈင် (၇) ပါး ဟူသည် သစ္စာ (၄)ပါး မြတ်တရားကို သိမြင်တတ်သော မဂ်ဉာဏ်၏ အတောင်အလက် အစိတ်အပိုင်းဟု အဓိပ္ပာယ်ရရှိပါသည်။ ဗောဇ္ဈင် (၇) ပါးမှာ...