၁။ မည်သည့်တရားသည် မင်္ဂလာတရားနည်း ဟူ၍ လူနှင့်နတ်တို့သည် တစ်ဆယ့်နှစ်နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း အဖြေမှန် မရခဲ့ကြပေ၊ စီးပွားချမ်းသာခြင်း၏ အကြောင်းမှန်ဖြစ်သော မင်္ဂလာတရားပေါင်း(၃၈)ပါး ရှိလိမ့်မည်ဟူ၍လည်း မည်သူမျှ မသိမမြင်နိုင်ခဲ့ကြပေ။
၂။ လူတစ်ယောက်စီတစ်ယောက်စီထက်လည်းကောင်း ၊ သန်းပေါင်းများစွာသော လူသားအားလုံးတို့ထက်လည်းကောင်း ၊ နတ်တစ်ပါးစီ တစ်ပါးစီထက်လည်းကောင်း ၊ နတ်အားလုံးထက် လည်းကောင်း၊ သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည် လောကအကျိုးကို ရှေ့ရူလျက် မင်္ဂလာတရား ၃၈-ပါးကို ထုတ်ဖော် ဟောကြားတော်မူခဲ့၏ ။ မင်္ဂလာတရားသည် လူမှုဒုစရိုက် တရားကို ပယ်ဖျောက်တတ်၏ ။ ယခုအခါ သူတော်ကောင်းအပေါင်းတို့နှင့်ကျွန်ုပ်တို့သည် ထိုမင်္ဂလာတရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ကြပါကုန်စို့ ။
၃။ ပထမသံဂါယနာပွဲတော်ကြီး၏ ဥက္ကဋ္ဌ ဖြစ်တော်မူသော မဟာကဿပအရှင်ဘုရား - ဤမင်္ဂလသုတ်တော်ကို အကျွန်ုပ် အာနန္ဒာသည် နောင်တော်မြတ်စွာဘုရားထံမှ တိုက်ရိုက် ဤသို့ကြားနာ လိုက်ရပါ၏ ၊ မှတ်သားလိုက်ရပါ၏ ၊ ဆောင်ထားလိုက်ရပါ၏။ -အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေပါသည်။ ဇေတဝန်ကျောင်းသည် အနာထပိဏ်သူဋ္ဌေးကြီးဆောက်လုပ် လှူဒါန်းထားသော နှလုံးမွေ့လျော် ပျော်ဖွယ်ရာကောင်းသော ကျောင်းတော်ကြီးဖြစ်ပါသည်။ တညသ၌ ညဉ့်ဦးယံလွန်၍ သန်းခေါင်ယံအရောက်တွင် အမျိုးအမည် မထင်ရှား မသိသာသော နတ်သားတစ်ပါး ရောက်လာပါသည်။ သူသည် အလွန်နှစ်လိုဖွယ် ရုပ်အဆင်းရှိပါသည်။ ဇေတဝန်ကျောင်းတိုက် တစ်လုံးကိုလည်း သူ၏ကိုယ်မှ အရောင်အဝါဖြင့် ထွန်းလင်းစေပါသည်။ -ယင်းသို့ထွန်းလင်းစေပြီးနောက် မြတ်စွာဘုရားသခင်ရှိရာသို့ ချဉ်းကပ်လာပါသည်။ မြတ်စွာဘုရားကို အလွန်ရိုသေ လေးမြတ်စွာရှိခိုးပါသည်။ ရှိခိုးပြီးနောက် တင့်အပ်လျှောက်ပတ်သောနေရာ၌ မတ်တတ်ရပ်နေပါသည်။ ယင်းသို့နေရာယူပြီးမှ ထိုနတ်သားသည် မြတ်စွာဘုရားကို ဤကဲ့သို့ ဂါထာဖြင့် နားတော်လျှောက်ပါသည်...
၄။ ဘုန်းတော်ကြီးမြတ်လှသောမြတ်စွာဘုရား - နတ်အပေါင်းတို့သည်လည်းကောင်း ၊ လူအပေါင်းတို့သည်လည်းကောင်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို လိုချင်ကြသည် ၊ တောင့်တကြသည်ဖြစ်ပါ၍ မည်သည့်တရားသည် စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော မင်္ဂလာတရားတော်ဖြစ်သလဲဟူ၍ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် အချိန်ယူပြီး စဉ်းစားတွေးခေါ် ကြံဆခဲ့ကြပါသည်ဘုရား။ ယင်းသို့ ကြံစည်တွေးဆကြပါသော်လည်း မင်္ဂလာတရားမှန်ကို မည်သူမျှတွေးကြံ၍ မသိနိုင်ကြပါဘုရား။ သို့အတွက်ကြောင့် မင်္ဂလာတရားဟူသည် မည်သည့်တရားဖြစ်ကြောင်း အရှင်ဘုရားက စတင်ထုတ်ဖော်၍ ဟောကြားတော်မူပါဘုရား။
၅။ အို... နတ်သား ... သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း ၊ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း ၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း ၊ ဤတရား သုံးပါးကို မြတ်သောမင်္ဂလာဟူ၍သင်မှတ်သားလော့။
၆။ အို....နတ်သား တင့်အပ်လျောက်ပတ်သော အရပ်ဒေသ၌နေခြင်း ၊ ရှေးဘဝကပြုခဲ့ဖူးသောကောင်းမှုရှိခြင်း၊ မိမိကိုယ်ကိုကောင်းစွာထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရား သုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။
၇။ အို....နတ်သား အကြားအမြင် ဗဟုသုတရှိခြင်း ၊ စက်မှုလက်မှုစသော သိပ္ပံပညာတတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးယဉ်ကျေးအောင်ဆုံးမတတ်သည့်ဝိနည်းတရားကိုကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကိုပြောခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။
၈။ အို....နတ်သား.... အမိအဘကို လုပ်ကျွေးမွေးမြူခြင်း ၊ သားမယားကို ထောက်ပံ့ပေးကမ်းချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်အောင် အလုပ်မျိုးကိုလုပ်ခြင်း ၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၉။ အို....နတ်သား... အလှူပေးခြင်း ၊ မြတ်သောအကျင့်ကို ကျင့်ခြင်း ၊ ဆွေမျိုးတို့အားထောက်ပံ့ခြင်း၊ အကုသိုလ်ကင်းသောအလုပ်ကိုလုပ်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၀။ အို....နတ်သား.... မကောင်းမူဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း ၊ မကောင်းမှုကို မလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက် ၊ မူးယစ်ဆေးဝါးတို့ကို မသောက်မစားဖြစ်အောင် ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့်ကောင်းမှုအလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျော့ဆောင်ရွက်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၁။ အို....နတ်သား .... ရိုသေထိုက်သူကို ရိုသေခြင်း ၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ့်ချခြင်း ၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း ၊ သူတစ်ပါး မိမိအပေါ်ပြုဖူးသောကျေးဇူးကို သိတတ်ခြင်း ၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း ၊ ဤတရားငါးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၂။ အို....နတ်သား..... သည်းခံတတ်ခြင်း ၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း ၊ သူတော်ကောင်းရဟန်းပုဏ္ဏားတို့အား ဖူးမြင်ရခြင်း ၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင်မှတ်သားဦးလော့။
၁၃။ အို....နတ်သား.... ခြိုးခြံစွာကျင့်ခြင်း ၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၄။ အို....နတ်သား .... လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာအရှင်သူမြတ်၏ စိတ်သည် မတုန်မလှုပ် ၊ မစိုးမရိမ် ၊ ရမ္မက်ကင်း၏ ၊ ဘေးကင်း၏ ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၅။ အို....နတ်သား.... ဤကဲသို့သော ၃၈-ပါး မင်္ဂလာတရားကို လက်တွေ့လိုက်နာ ကျင့်ကြံပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌ နေနေ မိမိအား ရန်သူတို့က မအောင်နိုင် ၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏ ထို ၃၈-ပါးသော တရားသည်သာလျှင် လူတကာ နတ်တကာတို့အတွက် မြတ်သော မင်္ဂလာဖြစ်ကြောင်း သင်မှတ်သားလေလော့။
No comments:
Post a Comment