သူတော်ကောင်းအပေါင်းက ကောင်းပါပေသည်ဟု လက်ခံချီးကျူးထားသော မြတ်စွာဘုရား၏သာသနာတော်ကိုပင် မကြည်ညိုမသက်ဝင်နိုင်ကြသော လူကြမ်း ဘီလူးတို့သည် ရက်စက်တတ်ကြကုန်၏။ မည်သည့်အခါမဆို နိုင်ထက်စီးနင်း နှိပ်စက်ကလူ ပြုတတ်ကြ၏။
၂. ထိုဘီလူး လူကြမ်းတို့က ပရိတ်သတ်ကို မညှင်းဆဲ မနှိပ်စက်နိုင်စေရန်နှင့် သူတို့ကပင် ကူညီစောင့်ရှောက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကြီးမြတ်သောလုံ့လရှိတော်မူသော် မြတ်စွာဘုရားက ဤအာဋာနိဋိယ ပရိတ်တော်အရံအတားကို ဟောကြားတော်မူခဲ့ခြင်းဖြစ်ပေသည်။ ယခုအခါ၌ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း၍ ရွတ်ဆိုကြပါကုန်စို့။
၃. စက္ခု ငါးပါးနှင့်ပြည့်စုံတော်မူသော ဘုန်းကျက်သရေနှင့်ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား အကျွန်ုပ်၏ဦးညွှတ်ရှိခိုးခြင်းဖြစ်ပါစေ။ သတ္တဝါ အားလုံးအပေါ် ကြင်နာသနားမှုဖြင့် အစဉ်သနား စောင့်ရှောက်တော်မူသော သိခီမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးမှုဖြစ်ပါစေ။
၄. မကောင်းမှု အညစ်အကြေးကို ဆေးကြောသန့်စင်ပြီးဖြစ်သော ခြိုးခြံသော အကျင့်ကိုလည်း ကျင့်တော်မူသော ဝေဿဘူမြတ်စွာဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။ မာရ်စစ်သည် အပေါင်းကို နှိမ်နှင်းအောင်မြင်တော်မူသော ကကုသန်မြတ်စွာဘုရားအားလည်း အကျွန်ုပ် ရှိခိုးပါ၏။
၅. မကောင်းမှု ဟူသမျှအပ်ပြုပြီးသော ငါးပါးသောဝသီဘော်နှင့် ပြည့်စုံတော်မူသော ကောဏာဂုံမြတ်စွာဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။ ခပ်သိမ်းသောကိလေသာတို့မှ လွတ်ကင်းတော်မူပြီးသော ကဿပမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ် ရှိခိုးခြင်းဖြစ်ပါစေ။
၆. လူတို့၏ ဆင်းရဲဒုက္ခဟူသမျှကို ပယ်ဖျောက်နိုင်စွမ်းရှိသော တရားတော်မြတ်ကို ဟောကြားတော်မူပေ၏။ ကိုယ်တော်မှလည်း အရောင်အဝါကွန့်မြူးဖြာယှက် ထွက်တော်မူ၏။ ဘုန်းကျက်သရေနှင့်လည်း ပြည့်စုံတော်မူပေ၏။ သကျသာကီဝင်မင်းသားလည်း ဖြစ်တော်မူ၏။ ထိုဂေါတမမြတ်စွာဘုရားအား အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။
၇. လောက၌ ငြိမ်းအေးကုန်ပြီးသော ဘုရားရှင်အဆူဆူတို့သည် ယထာဘူတကျကျသိကုန်၏။ ချောပစ်ကုန်းတိုက်သော စကားမျိုးကို မည်သည့်အခါမျှ ဆိုမိန့်တော်မမူ၊ ကြီးလည်းကြီးမြတ်ကုန်၏။ ကြောက်ရွံ့ခြင်းလည်း ကင်းကုန်၏။
၈. ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူ၍ မြတ်လှစွာသော ရဲရင့်ခြင်းအတိ ရှိတော်မူသော နတ်လူတို့၏ အစီးအပွားကိုဆောင်တော်မူတတ်သော ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရားကို ရှိခိုးဦးညွှတ်ကြပါကုန်၏။
၉. ဝိပဿီ၊ သိခီ၊ ဝေဿဘူ ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရားခုနှစ်ဆူတို့နှင့်တကွ အကုဋေမကများလှစွာသော ဘုရားရှင်အားလုံးတို့သည် ပစ္စေကဗုဒ္ဓါရဟန္တာများနှင့် တူတော်မမူကုန်။ ဆိုခဲ့ပါ သဗ္ဗညူ ဘုရားရှင်ချင်းသာ တူတော်မူကြကုန်၏။ ဘုရားရှင်အားလုံးပင် တန်ခိုးဣဒ္ဓိ လွန်စွာကြီးမားကြကုန်၏။
၁ဝ. ခပ်သိမ်းကုန်သော ဘုရားရှင်တို့သည် အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူ၏။ ရဲရင့်သော ဝေသာရဇ္ဇဉာဏ်နှင့် ပြည့်စုံတော်မူကြ၏။ မြတ်သောယောကျ်ား ဥသဘဖြစ်တော်မူ၍ သဗ္ဗညုတဉာဏ်ကို ရရှိကြောင်း ဝန်ခံကြကုန်၏။
၁၁. ဘုရားရှင်တို့သည် မည်သည့် ပရိတ်သတ်ဗိုလ်ပုံအလယ်၌ လွန်စွာရဲရင့်တော်မူကြ၏။ ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရဲရင့်ရင့်စကားဆိုကြ၏။ မည်သူ တဦးတယောက်မျှ မလည်မပတ်စေနိုင်သော ဓမ္မစကြာတရားတော် ကိုလည်း လည်ပတ်စေကုန်၏။ (ဟောကြားကုန်၏။)
၁၂. ဘုရားရှင်တို့သည် လူသုံးပါးတို့၏ ခရီးလမ်းညွှန် ဖြစ်ကြ၏။ ဘုရား၏ကျေးဇူးတရား (၁၈) ပါးနှင့်ပြည့်စုံကြကုန်၏။ (၃၂) ပါးသော ယောကျ်ားမြတ်တို့၏လက္ခဏာတော်ကြီးတို့နှင့်လည်း ပြည့်စုံတော်မူကြ၏။ လက္ခဏာတော်ငယ် (၈ဝ) တို့နှင့်လည်း ပြည့်စုံတော်မူကြ၏။
၁၃. ဘုရားရှင်ဟူသမျှ ကိုယ်တော်အလုံးမျှ တလံမျှလောက်ရောင်ခြည်တော် အမြဲထွက်လျက်ရှိ၏။ ရဟန်းဟူသမျှတို့ထက် ကြီးမြတ်၏။ ခပ်သိမ်းသောတရားကိုလည်း သိ၏။ ကိလေသာအာသဝေါလည်း ကင်း၏။ မာရ်ငါးပါးကိုလည်း အောင်ပြီးဖြစ်၏။
၁၄. ဘုရားရှင်တို့သည် များစွာသော ရောင်ခြည်တော်၊ ကြီးသောတန်ခိုး၊ ထွတ်မြတ်သောပညာ၊ စွမ်းသန်သော ခွန်အား၊ အတိုင်းမသိသော ကရုဏာ၊ စွဲမြဲသောလုံ့လတို့ကို ပိုင်တော်မူကြ၏။ သတ္တဝါအများကောင်းကျိုးချမ်းသာကိုလည်း ဆောင်တော်မူတတ်ကြကုန်၏။
၁၅. မြတ်စွာဘုရားရှင်တို့သည် သတ္တဝါအပေါင်းတို့၏ မှီခိုရာကျွန်းလည်း ဖြစ်၏။ ကိုးကွယ်ရာလည်းဖြစ်၏။ တည်ရာလည်းဖြစ်၏။ စောင့်ရှောက်ရာလည်းဖြစ်၏။ ဘေးအန္တရာယ်မှ ပုန်းကွယ်ရာလည်းဖြစ်၏။ လာရောက်ရာလည်း ဖြစ်၏။ ဆွေမျိုးသဖွယ်လည်းဖြစ်၏။
၁၆. ထိုဘုရားရှင်တိုင်းသည် နတ်တို့၏ လဲလျောင်းရာ၊ လူတို့၏ မှီခိုရာ ဖြစ်ကြကုန်၏။ အကျွန်ုပ်သည် ယောကျ်ားဟူသမျှတို့ထက် သာလွန်မြင့်မြတ်တော်မူသော ထိုဘုရားရှင်တို့၏ ခြေတော်တို့ကို ဦးနှိမ် ရိုကျိုး ရှိခိုးပါ၏။
၁၇. အကျွန်ုပ်သည် အိပ်နေသောအခါ၌ဖြစ်စေ၊ ထိုင်နေသောအခါ၌ဖြစ်စေ၊ ရပ်နေသောအခါ၌ဖြစ်စေ၊ လမ်းသွားနေသောအခါ၌ဖြစ်စေ၊ မည်သည့်အခါ၌မဆို ထိုဘုရားရှင်တို့အား နှုတ်ဖြင့်၎င်း စိတ်ဖြင့်၎င်အမြဲမပြတ် ရှိခိုးပါ၏။
၁၈. ကိလေသာအပူအပေါင်းကိုငြိမ်းအေးအောင် ပြုတော်မူတတ်ကြကုန်သော ဘုရားရှင်တို့သည် သင့်ကို ချမ်းသာအောင် မပြတ်စောင့်ရှောက်ပါစေသတည်း။ ဘုရားရှင်တို့၏ အစောင့်အရှောက်ကိုခံယူရသော သင်သည် ငြိမ်သက်ချမ်းမြေ့ပါစေ။ ဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းလွတ်ပါစေ။
၁၉. သင်သည် အနာမရှိ ပကတိကျန်းမာသူ၊ ပူပန်ခြင်း ကင်းသူ၊ ရန်သူဟူသမျှကို လွတ်မြောက်နိုင်သူ၊ ငြိမ်းအေးချမ်းမြေသူ ဖြစ်ပါစေသတည်း။
၂ဝ. ထိုဘုရားရှင်တို့သည် သီလ၊ သစ္စာ၊ ခန္တီ၊ မေတ္တာတို့၏ စွမ်းပကားဖြင့် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်သဖြင့်စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၁. အရှေ့မျက်နှာအရပ်၌ တန်ခိုးကြီးသော ဂန္ဓဗ္ဗနတ်တို့ ရှိကြကုန်၏။ ထိုနတ်တို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်တစိုက်စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၂. တောင်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော ကုမ္ဘဏ်နတ်တို့ ရှိကြကုန်၏။ ထိုနတ်တို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်သဖြင့် စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၃. အနောက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော နဂါးတို့ရှိကြကုန်၏။ ထိုနဂါးတို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၄. မြောက်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသောဘီလူးတို့သည် ရှိကြကုန်၏။ ထိုဘီလူးတို့သည်လည်း ကျွန်ုပ်တို့ကို အစဉ်သဖြင့် စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၅. အရှေ့အရပ်မျက်နှာ၌ ဂန္ဓဗ္ဗနတ်တို့ကို အစိုးရသော ဓတရဋ္ဌနတ်မင်း၊ တောင်အရပ်မျက်နှာ၌ ကုမ္ဘဏ်တို့ကို အစိုးရသောဝိရူဠကနတ်မင်း၊ အနောက်အရပ်မျက်နှာ၌ နဂါးတို့ကိုအစိုးရသော ဝိရူပက္ခ နတ်မင်း၊ မြောက်အရပ်မျက်နှာ၌ ဘီလူးတို့ကို အစိုးရသော ကုဝေရနတ်မင်း။
၂၆. ထိုနတ်မင်းကြီးလေးပါးတို့သည် လူတို့ကို စောင့်ရှောက်တတ်ကြကုန်၏။ အခြွေအရံလည်းများကုန်၏။ ထိုနတ်မင်းကြီးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၇. ကောင်းကင်၌တည်သော နတ်များ၊ မြေ၌တည်သော နတ်များ၊ နဂါးများသည် တန်ခိုးအလွန်ကြီးကြသည်။ ထိုတန်ခိုးကြီးနတ်၊ နဂါးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၈. တန်ခိုးကြီးသောနတ်တို့သည် ဤဘုရားသာသနာတော်၌ နေကြကုန်၏။ ထိုသာသနာစောင့်နတ်တို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၉. ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။
၃ဝ. ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွား၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။
No comments:
Post a Comment