၁။ မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဉ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်
၂။ ချမ်းသာစွာအိပ်ရ၏။ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို
တစိုးတစိမျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့်
ပြည့်စုံသော မေတ္တာသုတ်ပရိတ်တော်ကို အို - သူတော်ကောင်းတို့ ငါတို့
ရွတ်ဖတ်ကြပါကုန်စို့။
၃။ လောကီ လောကုတ္တရာအကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်အေးချမ်းသော
နိဗ္ဗာန်ကို အာရုံပြု၍ ဤဆိုလတ္တံ့သောသူတော်ကောင်းနည်းလမ်းကို
ကျင့်ကြံအားထုတ် ပြုလုပ်အပ်၏။ ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ
ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏။ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏။
စိတ်သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏။ ဆိုဆုံးမလွယ်ရာ၏။ နူးညံ့သိမ်မွေ့ရာ၏။
သူတစ်ပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။
၄။ ရောင့်ရဲလွယ်ရာ၏။ မွေးမြူလွယ်ရာ၏။ နည်းပါးသော အမှုကိစ္စရှိရာ၏။
ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏။ ငြိမ်သက်သော အိန္ဒြေရှိရာ၏။ အရာရာ၌
ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏။ ကိုယ်နှုတ်နှလုံးသုံးပါးလုံး
ရုန့်ရင်းကြမ်းတမ်းမှု မရှိရာ။ ဒါယကာတို့၌ တွယ်တာမက်မောမှု မရှိရာ။
၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစုံတခုသော မကောင်းမှုကို
အနည်းငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသော သတ္တဝါတို့သည်
ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်၏ ချမ်းသာခြင်းနှင့်
ပြည့်စုံကြပါစေကုန်သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။
၆။ အကြွင်းမရှိ အလုံးစုံ ထွက်သွက်ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသော
သတ္တဝါ၊ ထိတ်လန့်တတ်သော သတ္တဝါ၊ တည်ကြည်ငြိမ်သက်သော သတ္တဝါ၊ ရှည်သော
သတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမရှည်သော သတ္တဝါ၊ ကြီးသော
သတ္တဝါ၊ ငယ်သော သတ္တဝါ၊ မကြီးမငယ်သော သတ္တဝါ၊ ဆူသော သတ္တဝါ၊
ကြုံ့သောသတ္တဝါ၊ မဆူမကြုံ့သော သတ္တဝါ။
ရ။ မျက်စိဖြင့်မြင်ကောင်းသော သတ္တဝါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တဝါ၊
အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော သတ္တဝါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တဝါ၊
ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ
ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။
၈။ တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစုံတခုသော
အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ဝစီ
ကံဖြင့်လည်းကောင်း၊ခိုက်ရန်မျက်ပွား အငြိုးးထားသော စိတ်ဖြင့်လည်းကောင်း၊
အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏
ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။
၉။ အမိသည် မိမိရင်သွေးဖြစ်သော တစ်ဦးတည်းသော သားငယ်ကို အသက်အတွက်ကြောင့်
အဖန်တလဲလဲစောင့်ရှောက်သကဲ့သို့ ဤနည်းအတူသာလျှင် ခပ်သိမ်းသောသတ္တဝါတို့၌
အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။
၁၀။ ကာမဘဝတည်းဟူသော အောက်လောက၌လည်းကောင်း၊ ရူပဘဝတည်းဟူသော
အလယ်လောက၌လည်းကောင်း၊ အရူပဘဝတည်းဟူသော အထက်လောက၌လည်းကောင်း၊
ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းလည်းမရှိ
ကိုယ်တွင်းဘေးရန်လည်းမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော
မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။
၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော်လည်းကောင်း၊
ထိုင်နေစဉ်သော်လည်းကောင်း၊ လှဲလျောင်းနေစဉ်သော်လည်းကောင်း၊ မအိပ်မငိုက်သမျှ
ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့်ယှဉ်၍ နေထိုင်ခြင်းကို
"မြတ်သောနေထိုင်ခြင်း" ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။
၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက်ပြန်
မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည်ဖြစ်၍
မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာကာမတို့၌
တပ်မက်မောခြင်းကင်းသောကြောင့် နောက်တစ်ဖန် အမိဝမ်းတွင်း
ပဋိသန္ဓေနေခြင်းသို့ ဧကန်မရောက်တော့ပြီ။ ။
No comments:
Post a Comment